ကိုယ်ကျင့်တရားကောင်းသူတွေကိုသာ လူတွေယုံကြည်တယ်
ကိုယ်ကျင့်တရားကောင်းသူတွေကိုသာ လူတွေယုံကြည်တယ် ..
"ဥာဏ်ကြီးရှင်တွေက အထင်ကြီးခံရတယ်။ ချမ်းသာသူတွေတေက အားကျမနာလို ခံရတယ်။ အာဏာရှိသူတွေက ကြောက်ရွံ့ခံရတယ်။ ဒါပေမယ့် ... ကိုယ့်ကျင့်တရားကောင်းသူတွေကိုသာ လူတွေက ယုံကြည်ကြတယ်"
အာသာဖရက်ဒ်မန်း ပြောခဲ့တဲ့ စကားလေးပါ။
>> လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပေါ့။ ကျွန်တော် ကုန်သွယ်ရေးကျောင်းတစ်ခုမှာ ဟောပြောပွဲလုပ်နေတယ်။ တက်ရောက်လာသူ ရာကျော်ရှိတဲ့အထဲမှာ ကျောင်းသားအားလုံးရဲ့ သုံးပုံတစ်ပုံပဲ ကျွန်တော်ပြောတာကို အာရုံစိုက်နေကြတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ တခြား အာရုံရောက်ရင်ရောက်၊ မရောက်ရင် အိပ်ငိုက်နေကြတယ်။
အဲ့ဒီဟောပြောပွဲမှာ ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့လည်း ရှိနေတတော့ ကျွန်တော်က ကင်မရာပြောင်းဝတွေကို ကျွန်တော့အစား ပရိသတ်ဘက် လှည့်ဖို့ ကျွန်တော့်နောက်ကို လာခိုင်းလိုက်တယ်။ အဲ့ဒီအခါ ထူးဆန်းတာတစ်ခုက တက်ရောက်သူ ပရိသတ်တွေ အားလုံးဟာ ခါးတွေဆန့် ဟောပြောပွဲကို အာရုံစိုက်လာတယ်ဆိုတာကို တွေ့ရတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း အပြည့်ပေါ့။ ဘာလို့ဆို ရိုက်ကူးရေးမီးမောင်းက သူတို့အပေါ်မှာကိုး။
အဲ့ဒီလိုပါပဲ။ ဘ၀ရဲ့ ရိုက်ကူးရေး မီးမောင်းတွေက ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာတရားနဲ့ ရိုးသားတာဝန်ကျေမှုတွေအပေါ် အမြဲစောင့်ကြည့်လျက် ရှိတယ်ဆိုတာ သတိရပါ။ သတိမမူမိဘဲ အဖမ်းမခံရပါစေနဲ့။ ကျွန်တော်တို့ဟာ ဘ၀မှာ ရှေ့တည့်တည့်မှာ ကင်မရာရှိနေတယ်လို့ သတ်မှတ်ပြီး နေထိုင်မယ်ဆိုရင် အစဉ်အတိုင်း ရိုးသားစွာ နေထိုင်မိမှာပါ။ အဲ့ဒီအခါ ဒီနေ့ မရိုးမသားအပြုအမူတွေအတွက် မနက်ဖြန်မှာ တောင်းပန်စရာ ဖြေရှင်းစရာတွေ မလိုတော့ဘူးပေါ့ဗျာ။
(အောင်စည်သာ ဘာသာပြန်ဆိုထားတဲ့ ထိပ်ဆုံးသို့အရောက်သွားမည် ဘ၀အောင်မြင်ရေး လျှို့ဝှက်ချက်များ စာအုပ်မှ)
Comments
Post a Comment