အချစ်ဆိုတာ

အချစ်ဆိုတာ
_________

အချစ်ဆိုတာ
အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့
ဘယ်လိုပဲ ပြောပြော
ပုထုဇဉ်နယ်ပယ်မှာတော့
အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ ဆားလို
မရှိမဖြစ် ဖြစ်နေပါတယ်။

ငရုပ်သီးထဲကပိုးဟာ
အပူကို လုံးဝမကြောက်တော့သလို
အပူကြိုက်လွန်းလို့ အပူပြီးနေတဲ့
ပုထုဇဉ်အများစုဟာလည်း
အချစ်ကို ပူလောင်တယ်လို့တောင်
မထင်ကြတော့ပါဘူး။

ပိုးဖလံမျိုးမို့မီးတိုးနေတာပါလို့
ဆင်ခြေပေးနေပြန်တော့လည်း
ဘာများတတ်နိုင်ဦးမှာတဲ့လဲ။

မရှိမဖြစ်ဆားဆိုပေမယ့်
သွေးတိုးရောဂါရှိတဲ့သူကတော့
ဆားကိုမရှောင်မဖြစ်
ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့
သမထ ဝိပဿနာ တရားချမ်းသာကို
ခံစားချင်တဲ့သူဟာလည်း
အချစ်ကိုဝေးဝေးရှောင်ဖို့
လိုအပ်ပါတယ်။

တရားအလုပ်ခွင်မှာတော့ အချစ်ကို
ကာမစ္ဆန္ဒနီဝရဏ လို့ခေါ်ပါတယ်။
သူက တိုးပွားအောင်လုပ်ရမယ့်အရာ
မဟုတ်ပါဘူး။
ချုပ်ငြိမ်းအောင် ပယ်ရမယ့်အရာပါ။

******

အချစ်သည်းလေ အပူကဲလေ

အချစ်ဆိုတာရာဂ၊
ရာဂဆိုတာကိလေသာ
ကိလေသာဆိုတာအကုသိုလ်
အကုသိုလ်ဆိုတာဆိုးကျိုးကို
ဖန်တီးပေးတဲ့အရာ၊

ဒီတော့
အချစ်ကြောင့်ကံကောင်းခြင်း
လက်ဆောင်တွေ
ရလိမ့်မယ်လို့ဘယ်လိုနည်းနဲ့မှ
မမျှော်လင့်ပါနဲ့။
အချစ်ကြောင့်
ပူလောင်ခြင်းလက်ဆောင်တွေသာ
တစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ်ဆိုတာ
သစ္စာတရားတစ်ခုအဖြစ်
အရိုးစွဲအောင်မှတ်သားထားလိုက်ပါ။

အရှင်ဆန္ဒာဓိက {ရွှေပါရမီတောရ}

(Credit to လှိုင်တိုး )

Comments

Popular posts from this blog

အနန္တသူရိယ အမတ်ကြီး၏ သံဝေဂ ကဗျာ

လူဆိုတာ

တစ်ချို့လူတွေ